Heat Stroke (အပူလျှပ်) ခဲ့ရင် ဘယ်လိုကုသမလဲ
ပူပြင်းတဲ့ နွေရာသီရောက်လာပြီဆိုတော့ ဒီကာလမှာ မဖြစ်မနေ နေပူထဲမှာ အလုပ်လုပ်ရသူတွေ ၊ မလွဲမရှောင်သာ အပြင်ထွက်ရသူတွေအနေနဲ့ Heat Stroke (အပူလျှပ်ခြင်း) ရဲ့ အန္တရာယ်ကို အထူးသတိထားသင့်ပါတယ်။
ခန္ဓာကိုယ်က အပူချိန်အရမ်းများတာကို ထိန်းညှိပေးဖို့ မလွယ်ကူတဲ့အခါမှာ Heat Exhaustion, Heat Stroke ဆိုတဲ့ အခြေအနေ တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီအချိန်မှာ တစ်ကိုယ်လုံးက အေးစက်နေမယ်၊ ချွေးမထွက်တော့ပဲ ခြောက်သွေ့နေမယ်၊ လူက အားနည်းပြီး နုံးချိလာမယ် စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ မပေါ့ဆပဲ ဆေးရုံဆေးခန်းကို ပြေးသင့်ပါတယ်။
အပူလျှပ်ခဲ့ရင် ဘယ်လို ကုစားရမလဲ
Heat Stroke အခြေအနေဟာ ပြင်းထန်တာကြောင့် အိမ်မှာ ကုသရုံနဲ့ မလုံလောက်ပါဘူး။ တကယ်လို့ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့နေရာ၊ သွားလာရခက်ခဲတဲ့ နေရာမှာ ရှိနေတယ်ဆိုရင် Heat Stroke ကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
- Heat Exhaustion , Heat Stroke ဖြစ်တဲ့အခါ နာရီဝက်အတွင်း သက်သာအောင် လုပ်ပေးဖို့ လိုပါတယ်။
- Heat stroke ရဲ့ အဓိကတရားခံက အပူချိန်များလွန်းလို့ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျှော့ချပေးဖို့ လိုပါတယ်။
- အမြန်ဆုံးသက်သာစေဖို့အတွက် ရေလောင်းတာ၊ ရေဖြန်းတာ၊ အရိပ်ရတဲ့ နေရာကို ရွှေ့တာတွေ လုပ်ပေးဖို့ လိုပါတယ်။
- အဝတ်အစားအထူတွေကို ချွတ်ပေးပြီး လေဝင်လေထွက်ကောင်းစေတဲ့ ပါးလွှာတဲ့ အဝတ်တွေကို လဲပေးသင့်ပါတယ်။
- နောက်ထပ် အရေးကြီးတာတစ်ခုက ရေများများသောက်ပေးဖို့ လိုပါတယ်။ ရေသောက်ပေးခြင်းက ခန္ဓာကိုယ် အပူချိန် လျှော့ချဖို့အတွက်ရော ရေဓါတ်ဆုံးရှုံးမှုကို ပြန်ဖြည့်ပေးဖို့အတွက်ပါ အကျိုးရှိစေလို့ ရေဓါတ်ပမာဏ များများဖြည့်ပေးသင့်ပါတယ်။
- သတိထားသင့်တာက Energy Drink တွေ အချိုရည်တွေကို ဒီအချိန်မှာ မသောက်သင့်ပါဘူး။
Heat Stroke ဟာ အသက်အန္တရာယ်ရှိသလို ပြင်းထန်တဲ့ အခြေအနေ တစ်ခုဖြစ်တာကြောင့် Heat Stroke ခံစားရပြီ…. လက္ခဏာတွေ ကြုံတွေ့ရပြီဆိုတာနဲ့ ဆေးရုံဆေးခန်းမှာ အချိန်မှီ ဆေးကုသပေးနိုင်ဖို့က အရေးကြီးကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)